သင် တစ်ကိုယ်ရေ အာသာဖြေတာ များလွန်းနေပြီလား
တစ်ကိုယ်ရေ အာသာဖြေတယ်(Masturbation လုပ်ခြင်း) ဆိုတာ အရွယ်ရောက်ပြီးတိုင်း ယောက်ျားလေး အများစု နေ့စဉ်ပြုလုပ်တတ်ကြတဲ့ လိင်ပိုင်းဆိုင်ရာ အလေ့အကျင့်တစ်ခုပါ။ ကျန်းမာရေးရှုထောင့်တစ်ခုတည်းကနေ ကြည့်မယ်ဆိုရင် တစ်ကိုယ်ရေအာသာဖြေတာဟာ အမျိုးသားတွေရဲ့ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ရုပ်ခန္ဓာကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိစေနိုင်ပါတယ်။
ဒါ့အပြင် အမျိုးသားတွေရဲ့ လိင်စိတ်ကိုလည်း ထိန်းချုပ်ပေးပြီး မမှားသင့်တာတွေ မမှားမိအောင် လိင်စိတ်ကို လျှော့ချပေးနိုင်တယ်။ လိင်ဆက်ဆံတာလိုမျိုး ကိုယ်ခန္ဓာတစ်ခုလုံး လှုပ်ရှားရတာမျိုး မပါဝင်ပေမဲ့ အဓိကလိုရင်းဖြစ်တဲ့ လိင်စိတ်အထွတ်အထိပ်ရောက်အောင် ကူညီပေးနိုင်တဲ့အတွက် ယောက်ျားလေးတွေအတွက် ထူးခြားတာမျိုးမဟုတ်တဲ့ သာမန်လိင်စိတ်ဖြေ နည်းလမ်းတစ်ခုအဖြစ် အာသာဖြေတာကို ယူဆလို့ ရပါတယ်။
အာသာဖြေခြင်းနဲ့ ပတ်သက်ပြီး အကြိမ်ရေ အကန့်အသတ်ရှိလား
မိမိဘာသာ လက်ဖြင့် အာသာဖြေတာဖြစ်စေ၊ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ တစ်နေ့ကို ဘယ်နှစ်ကြိမ်သာ လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ခြင်းမျိုး ယခုအချိန်ထိ မရှိသေးပါဘူး။ အဓိက မိမိရဲ့ လိင်စိတ်ဆန္ဒ၊ ငယ်ပါရဲ့ သန်စွမ်းမှု၊ ရောဂါဘယကင်းရှင်းမှု၊ သက်လုံကောင်းမှု စတာတွေနဲ့သာ သက်ဆိုင်ပါတယ်။
လူချင်း မတူသလို၊ ငယ်ပါအရွယ်အစားချင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံချင်း မတူညီကြတဲ့အတွက် တစ်နေ့ကို ဘယ်နှစ်ကြိမ်သာ လုပ်သင့်လဲဆိုတာ ကိုယ့်ဘာသာပဲ ဆုံးဖြတ်လို့ရပါတယ်။ တချို့အမျိုးသားတွေဟာ တစ်ပတ်၊ တစ်လမှာ တစ်ကြိမ်လောက်သာ အာသာဖြေတတ်ကြသလို တချို့တွေအနေနဲ့လည်း တစ်နေ့တည်းမှာ အကြိမ်ရေများစွာ လုပ်တတ်ကြပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာ တစ်ကိုယ်ရေအာသာဖြေတဲ့ အကြိမ်ရေ များပြီလို့ သတ်မှတ်သင့်လဲ
အာသာဖြေနေစဉ် အတောအတွင်း မူးဝေပြီး မျက်စိများ ပြာနှမ်းလာတာ၊ လိင်စိတ်ဆန္ဒပြီးမြောက်သွားသော်လည်း သုက်ရည်များ လုံးဝမထွက်တော့တာ၊ သို့မဟုတ် အထွက်နည်းသွားတာ၊ လိင်အင်္ဂါ ထိပ်ဖူး၊ သုက်ပို့ပြွန်က နာကျင်နေတာ၊ အောင့်သက်သက်ဖြစ်သလို ခံစားရတာ၊ သုက်လွှတ်ပြီးနောက် တစ်ကိုယ်လုံး အားမရှိသလို ပျော့ခွေသွားတယ်ဆိုရင်တော့ ကိုယ့်ရဲ့ တစ်နေ့တာ အာသာဖြေတဲ့အကြိမ်ရေ လျှော့လိုက်တာမျိုး၊ အာသာဖြေတာကို ရက်အနည်းငယ် နားပေးတာမျိုး လုပ်သင့်ပါတယ်။
နောက်တစ်ခု သိသင့်တာက လိင်စိတ်အမှန်တကယ် ဖြစ်ပေါ်လာခြင်းကြောင့် မဟုတ်ဘဲ တခြားစိတ်ကျန်းမာရေး ပြဿနာများ ဥပမာ - စိတ်ဓာတ်ကျတာ၊ စိတ်အရမ်းညစ်တာ၊ စိတ်ဖိစီးမှုဖြစ်တာ၊ အကြောင်းရင်းမရှိဘဲ အပြာရုပ်ရှင်များ ကြည့်ပြီး လိင်စိတ်ကို အတင်းနှိုးဆွပြီး အာသာဖြေတာမျိုးကိုတော့ တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။
အာသာဖြေတာ မှားယွင်းတဲ့ အပြုအမူတစ်ခုလား
ဘာသာရေးအရ အစွဲအလမ်းကြီးသူတွေမှာ အာသာဖြေတာကို ရွံရှာဖို့ကောင်းတဲ့၊ မှားယွင်းတဲ့ အပြစ်ကြီးတစ်ခုလို မြင်နေတတ်ပေမယ့် တကယ်တမ်းမှာတော့ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ကိုယ့်လိင်အင်္ဂါကို ကိုယ့်လက်နဲ့ အာသာဖြေတာ ထူးထူးခြားခြားဖြစ်စဉ်တစ်ခုလိုတောင် သတ်မှတ်စရာမလိုဘဲ သာမန် အိပ်၊ စား၊ ကာမလို ကိုယ့်ရဲ့နေ့တစ်ဒူဝဖြစ်စဉ်၊ အလုပ်လို့ပဲ အလွယ်သတ်မှတ်နိုင်ပါတယ်။
အိမ်ထောင်ကျသွားရင်၊ ချစ်သူရသွားရင် အာသာဖြေခွင့်မရှိဘူးလား
လူအများစု အထူးသဖြင့် မိန်းကလေးတွေ ထင်တတ်ကြတဲ့ အတွေးအခေါ်အမှားတစ်ခုကတော့ ယောက်ျားလေးတစ်ယောက်က ချစ်သူရသွားရင်၊ အိမ်ထောင်ကျသွားရင် အာသာဖြေလို့မရတော့ဘူး၊ အာသာဖြေတယ်ဆိုတာ သူတို့အပေါ်ကို သစ္စာဖောက်ဖျက်တာပဲလို့ ထင်တဲ့ပြဿနာပါ။ တခြားသူနဲ့ ဖောက်ပြန်နေတာမျိုးမဟုတ်ရင် ယောက်ျားလေးတစ်ယောက် ကိုယ့်လက်နဲ့ အားလပ်ချိန်မှာ အာသာဖြေတယ်ဆိုတာကို မှားယွင်းတယ်လို့ ယူဆလို့မရပါဘူး။
ယောက်ျားလေးတစ်ယောက်ရဲ့ လိင်စိတ်ဟာ လူပေါ်မူတည်ပြီး အနည်းအများ ကွာခြားတာကြောင့် တစ်ခါတလေ လိင်ဆက်ဆံတာမျိုး မလုပ်ဘဲ ကိုယ့်လက်နဲ့ အလွယ်တကူ အာသာဖြေလိုက်တာမျိုး လုပ်မိရင်လည်း ဒါကို မှားနေတယ်လို့ မသတ်မှတ်သင့်ပါဘူး။
တစ်ခုရှိတာက ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်က အမြဲလိုလို သူ့ဖာသာ အာသာဖြေနေပြီး ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ အနီးကပ်ထိတွေ့ဆက်ဆံခြင်းမရှိတာ၊ လိင်ဆက်ဆံဖို့ကို အကြောင်းရှာပြီး ရှောင်ဖယ်နေတာမျိုးဆိုရင်တော့ ပြဿနာတစ်ခုခု ရှိတာဖြစ်နေနိုင်တဲ့အတွက် သေချာစကားပြောပြီး တိုင်ပင်တာဖြစ်ဖြစ်၊ လိင်ပိုင်းဆိုင်ရာ စိတ်ပညာရှင်အကြံပေးတစ်ယောက်နဲ့ သေချာပြသရင်း Counselling အကူအညီ ရယူ သင့်ပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် အာသာဖြေခြင်းဟာ အမျိုးသားများအတွက် လိင်စိတ်အာသီသ ပြေလျော့စေသလို ဦးနှောက်ကြည်လင်ပြီး စိတ်ပျော်ရွှင်စေတယ်။ ဆီးကျိတ်ထဲမှာရှိတဲ့ အနည်များကိုလည်း စွန့်ထုတ်ပေးလို့ ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတယ်။ သုက်ထိန်းနိုင်အောင်လည်း ကူညီပေးနိုင်လို့ သုက်လွှတ်မြန်တဲ့ ညီအစ်ကိုတွေအတွက်တော့ အကျိုးရှိမှာ အသေအချာပါပဲ။ အလွန်အကျွံ မဖြစ်ရလေအောင်တော့ တန်ဆေး၊ လွန်ဘေးဆိုတဲ့ အသိလေးထည့်ဖို့တော့ ဂရုစိုက်ပါဗျာ။
ရေးသားသူ - ရဲမျိုးမြတ်